05 November 2008

နေဝင်ချိန်

အဲဒီနေ့ က ဆိပ်ကမ်းမှာ လူတွေနဲ့  စည်ကား နေခဲ့တယ်။ သက်ကြီးရွယ်အိုတွေက ကျန်းမာရေး အတွက် ကိုယ်လက် လေ့ကျင့်ခန်း လုပ်နေကြသလို၊ အချို့ က ခြေလှမ်းမှန်မှန် ပြေးနေကြတယ်။ ၃ ယောက် တစ်ဖွဲ့  ၄ ယောက် တစ်ဖွဲ့  လေညှင်းခံ လမ်းလျှောက် နေသူတွေလည်း ဒုနဲ့  ဒေး။ ဘေးဘီဝဲယာ မျက်လုံး ကစားကြည့်လိုက်တော့ စုံတွဲလေးတွေ လက်ချင်းဆုပ်ကိုင် ထားတာများ အရာရာ ရင်ဆိုင်ဖို့  ဆုံးဖြတ်ထားတဲ့ အတိုင်း။ ကြည်နူးခြင်းတွေ ပြည့်လျှံနေတဲ့ မျက်ဝန်းအစုံနဲ့  သူမ ဘေးက ချစ်သူကို စောင်းငဲ့ ကြည့်လိုက်တယ်။ ချစ်သူ့  အပြုံးထဲမှာ လွှမ်းမိုးနေတဲ့ အကြင်နာငွေ့ တွေကို ငေးမောရတာ သူမ အနှစ်ခြိုက်ဆုံးပဲ။



ပျော်ရွှင်နေတဲ့ ချစ်သူ နှစ်ဦးရှေ့  ခပ်လှမ်းလှမ်းမှာ ရေပျော် ငှက်ဖြူလေး တစ်ကောင် လာနားတယ်။ သူမ အမှတ်တမဲ့ ကြည့်နေရင်းက အမှတ်တရ ဖြစ်သွားအောင် အဲဒီ ငှက်ဖြူလေးကို ဓာတ်ပုံ ရိုက်ချင်စိတ် ပေါ်လာခဲ့တယ်။ ချစ်သူ ဆီမှာ ကင်မရာ လှမ်းတောင်းတော့ ပါမလာခဲ့ဘူး။ ချစ်သူရဲ့ လက်ကိုင်ဖုန်းကို ဇိုးဇိုးဇတ်ဇတ် ဆွဲယူပြီး ငှက်ဖြူလေးကို အမိအရ ချိန်ထားတဲ့ အချိန်၊ ဖြတ်လျှောက်သွားတဲ့ စုံတွဲတစ်တွဲကြောင့် ငှက်ဖြူလေး လန့် ပြီး ထပျံသွားခဲ့တယ်။ သူမ ရည်ရွယ်ချက်ကို မသိတဲ့ ထိုစုံတွဲကို သူမ အပြစ်တင်ရ ခက်နေခဲ့တယ်။ ငှက်ဖြူလေး ပျံသန်းသွားတော့ ရိုက်လိုက်မိတဲ့ ဆိပ်ကမ်းလေး မလှမပနဲ့  အထီးကျန် သွားခဲ့တယ်။

စိတ်အလို မကျဖြစ်နေတဲ့ သူမကို ချစ်သူက ရီနေခဲ့တယ်။ ချစ်သူရဲ့ ကြင်ကြင်နာနာ ချော့မြူသံကို ချစ်သူ့  ပခုံးပေါ် သူမ ဦးခေါင်းလေး မှေးမှီရင်း နားဆင်နေခဲ့တယ်။ ချစ်သူ့  ရင်ခွင်ကျယ်ကြီးထဲ သူမကို ပုန်းခိုစေခြင်းဖြင့် ညှင်းသွဲ့ သွဲ့  လေနုအေး ကျီစားမှုဒဏ်က ကာကွယ်ပေးခဲ့တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူ စုံတွဲကို ကြည့်ရတာ ရေပြင်ကြီးက ရှက်လို့  နဲ့  တူပါတယ်။ လှိုင်းကြပ်ခွပ် ကလေးတွေ အပြေးအလွှား ဆိပ်ကမ်းကနေ ဆုတ်ခွာသွားကြတယ်။



အဲဒီနေ့  နေဝင်ချိန်ကို ချစ်သူနဲ့  အတူတူ တီတီတာတာ တွေပြောရင်း ကုန်လွန်စေခဲ့တယ်။ အချိန်တန်လို့  နေမင်းကြီးတောင် နှုတ်ဆက်ခဲ့ပြီ။ ချစ်သူ နှစ်ဦး ခွဲခွာရတော့မယ်ဆိုတာကို ဖွင့်မပြောရက်ကြပဲ မျက်လုံးချင်းနဲ့  သာ တစ်ဦးကို တစ်ဦး အသိပေးခဲ့ကြတယ်။

သိပ်ချစ်တဲ့ ချစ်သူကို သူမ ကျောခိုင်းလိုက်တယ်။ သူမကို ချစ်သူ မျက်စိတဆုံး ရပ်ကြည့်နေမယ် ဆိုတာ သူမ သိနေခဲ့တယ်။ သြော် ... အချိန်တန်ရင် အိမ်ပြန်ကြရမှာပဲလေ ချစ်သူရယ်။

နီခင်

မင်္ဂလာပါ

ပြုပြင်နေဆဲ ကာလပါ